စာဖတ်တာ ၂မျိုးရှိတယ်၊ ၁မျိုးကအသုံးမဝင်ဘူး

Published by Kevin on

စာဖတ်တယ်ဆိုတာ စိတ်ရဲ့စွမ်းအားနဲ့ ဆက်နွယ်ခြင်း ဖြစ်တယ် ။ စာအုပ်ဆိုတာ လူသားတွေ တီထွင်ထားခဲ့သမျှ နည်းလမ်းတွေထဲမှာ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

Homer, Shakespear, Voltaire, Flaubert, Tolstoy, Woolf, Hemingway – ဒါတွေဟာ လူအကောင်အထည်လိုက် ပြလို့မရပေမယ့် အသက်ရှင်နေတဲ့ နာမည်တွေ ဖြစ်တယ်။ သူတို့ကို မတွေ့နိုင်၊ မထိနိုင်တော့ပေမယ့် သူတို့ရဲ့ အတွေးတွေက သူတို့ရေးထားတဲ့ စာတွေကနေ တဆင့် ထာဝရ အသက်ရှင်နေတယ်။

Aristotle ရဲ့ လောဂျစ်, Kepler ရဲ့ နက္ခတ်ဗေဒ, Newton ရဲ့ ရူပဗေဒ, Darwin ရဲ့ ဇီဝဗေဒ, Wittgenstein ရဲ့ တွေးခေါ်ပညာ – ဒါတွေက သက်ရှိထင်ရှား ဖန်တီးသူတွေ မရှိတော့ပဲ ကျန်ခဲ့တဲ့ အတွေးတွေပဲဖြစ်တယ်။ သူတို့ဟာ ထိုအတွေးတွေနဲ့ ပတ်သက်ပြီး ဆက်လက် မဆွေးနွေး မငြင်းခုံနိုင်ကြတော့ပေမယ့် သူတို့ချန်ထားခဲ့တဲ့ ဗဟုသုတအိုး၊ တစ်နည်းအားဖြင့် စာအုပ်တွေက တစ်ဆင့် ကျွန်တော်တို့ကတော့ ဆက်လက် ဆွေးနွေးနိုင်ကြတယ်။

စာအုပ်တွေမရှိရင် လူတွေဟာ ရူပဖြစ်စဉ်နဲ့ အချိန်ရဲ့ အစည်းအတားတွေကနေ လွတ်မြောက်မှာ မဟုတ်ဘူး။ နောင်လာမယ့် မျိုးဆက်သစ်တိုင်းက ဘဝရှင်သန်ခြင်းနည်းလမ်း နဲ့ ဘဝဖြစ်စဉ်တွေကို အတိတ်ကနေ သင်ယူနိုင်ရမယ့်အစား သူတို့ဘာသူတို့ ရှာဖွေကြရလိမ့်မယ်။ သိုမြှီးထားတဲ့ ဗဟုသုတတွေဟာလဲ သူတို့ သေဆုံးလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်လာမယ်။ အရာအားလုံးကို အသစ်တစ်ဖန် ပြန်သင်ယူရလိမ့်မယ်။

ယနေ့ခေတ်မှာ တန်ဖိုးထားရတဲ့ အရာအားလုံးဟာလဲ စာရေးခြင်းကို တီထွင်ခဲ့ခြင်းပေါ်မှာ အမြစ်တည်နေပါတယ်။ ကျွန်တော်တို့ အောင်မြင်စွာ တီထွင်ကျော်လွှားနိုင်ခဲ့တဲ့ အရာတွေအားလုံးကလဲ စာဖတ်ခြင်းကနေ ရရှိလာတာဖြစ်တယ်။

တစ်ယောက်ချင်းစီအနေနဲ့ဆိုရင်တောင် ကမ္ဘာလောကကြီးကို လေ့လာချင်တယ်ဆိုရင် အထိရောက်ဆုံးနည်းလမ်းက အတိတ်က ပညာတွေကို ပြန်ကြည့်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ စိတ်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကိုယ်တိုင်ရှာဖွေနေမယ့်အစား သူတို့အလုပ်လုပ်ပုံကို သိတဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံကနေ ရှာဖွေလိုက်လဲ ရတာပဲ။ သဘာဝရဲ့ နိယာမတွေကို ကိုယ်တိုင်သုံးသပ်နေမယ့်အစား ရှိပြီးသားလေ့လာတွေ့ရှိချက်တွေကို ညွှန်းဆိုလိုက်မယ်ဆိုလဲ ဖြစ်တာပါပဲ။

အဲ့လိုမဟုတ်ဘူးဆိုရင်တောင် စာဖတ်တယ်ဆိုတာ ပျော်ရွှင်မှုတစ်ခု၊ ကြီးထွားခြင်းနဲ့ အထိအတွေ့၊ စိတ်ကူးစိတ်သန်းကွန့်မြူးစရာတစ်ခု၊ ပြီးတော့ အဆက်အသွယ်အားလုံးရဲ့ အရင်းအမြစ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အချိန်ကို ဘယ်လိုကုန်ဆုံးလဲဆိုတာက ကျွန်တော်တို့ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ပုံဖော်ပါတယ်။ ကျွန်တော်တို့ စားသုံးလိုက်တဲ့အရာတွေကနေတစ်ဆင့် ကျွန်တော်တို့ဆိုတာ ဖြစ်လာတယ်။ ကျွန်တော်တို့ အသိတွေကတစ်ဆင့် လောကကြီးကို ဘယ်လိုမြင်ရမလဲဆိုတာကို ညွှန်ကြားပေးတယ်။

ပြောရမယ်ဆိုရင် စာဖတ်တယ်ဆိုတာ ကျွန်တော်တို့ စိတ်ထဲကို စကားလုံးတွေ တီးတိုးပြောဆိုလိုက်တယ်ဆိုတာထက် ပိုတယ်။ စာဖတ်လိုက်လို့ ကိုယ် ဘာတွေရလိုက်လဲ ဆိုတာက ကိုယ် စာဘယ်လိုဖတ်လဲ ဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေတယ်။ အဲ့ဒါက ဘယ်လိုအရာတွေကို အာရုံထားဖတ်ရမလဲ၊ ကိုယ်ဘယ်လိုပြောင်းလဲပြီးဖတ်မလဲဆိုတာတွေကိုပါ တစ်ခါတည်း ပုံသွင်းပေးတယ်။

စိတ်မကောင်းစွာနဲ့ပဲ ဒီအရာက ညီမျှခြင်းရဲ့ တစ်ဖက်မှာ လစ်လျူရှုခံထားရတဲ့ အရာဖြစ်နေတယ်လို့ ထင်မိတယ်။

မှန်တယ်၊ မှားတယ်ဆိုတဲ့ အကြောင်းလား?

ကျွန်တော်တို့အများစုက စာဖတ်တာကို ကျောင်းတွေမှာ သင်ကြားခဲ့ရတယ်။ အဲ့ဒီမှာ စာဖတ်ရင် အကြောင်းရင်း ၂မျိုးကြောင့်ဖတ်ရတာများတယ်။ ဖတ်ထားတဲ့အကြောင်းအရာကို အလွတ်မှတ်တာရယ်၊ ဖတ်ပြီး ဝေဖန်ရေးလုပ်ကြရတာရယ်ဆိုပြီး အဓိက ၂မျိုးလုပ်ခဲ့ကြပါတယ်။ ၂ မျိုးလုံးက မှန်သလား၊ မှားသလားဆိုတာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လုပ်ခဲ့ရတာပါ။

ကျွန်တော်တို့ ဖတ်စာအုပ်တွေကို အလွတ်ကျက်မှတ်တဲ့အခါ ရည်ရွယ်ချက်က စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်နိုင်ဖို့ဖြစ်တယ်။ စာလုံးတစ်လုံးမကျန် မမှတ်ကြဘူးဆိုရင်တောင်မှ ကျွန်တော်တို့ စာမေးပွဲမှာ ဖြေနိုင်ဖို့အတွက်လောက်ပဲ လိုအပ်တဲ့အပိုင်းလေးတွေကို မှတ်သားကြတာမျိုးရှိတယ်။ စာမေးပွဲနဲ့ မဆိုင်တဲ့ပြင်ပအကြောင်းအရာတွေဆိုတာ စာမေးပွဲရလဒ်နဲ့ မဆိုင်သလိုကို ဖြစ်နေတတ်ပါတယ်။

ထိုနည်းတူပဲ၊ ကျွန်တော်တို့ တစ်ခုခုကို ဝေဖန်ကြပြီဆိုရင်လဲ အဓိကရည်ရွယ်ချက်က ဘယ်ဟာကောင်းလဲ မကောင်းလဲ၊ ဘယ်ဟာမှန်လဲ မမှန်လဲဆိုတာကို ဆုံးဖြတ်ဖို့ပဲဖြစ်တယ်။ ဖတ်ထားသမျှ စာအားလုံးကို သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာပဲ အံဝင်ခွင်ကျဖြစ်နေဖို့ ကျွန်တော်တို့ ဖန်တီးတတ်ကြတယ်။ ကျွန်တော်တို့ အမြင်အရ အဲ့ဒါမှ ခိုင်မာတဲ့ဆုံးဖြတ်ချက်အနေနဲ့ ရပ်တည်နိုင်မှာကိုး။

မြင်မြင်သမျှအရာ၊ ဖတ်လိုက်တဲ့အရာမှန်သမျှကို ဝေဖန်ရေးရှုထောင့်ကနေ ကြည့်တတ်ကြသူတွေလဲ ရှိပါတယ်။ (ဒီလိုလူတွေက အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ်) သူတို့တွေက တစ်ခုခုကိုတွေ့ပြီဆို အမှားသေးသေးလေးတွေလိုက်ရှာဖို့ စိတ်အားပြင်းပြကြတဲ့အတွက်၊ အဓိကအချက်တွေကို မြင်ဖို့ရာ မျက်စိမှောက်သွားတတ်ကြတယ်။ သူတို့သိထားတဲ့ အမှန်တရားနဲ့ မကိုက်ညီဘူးဆိုရင်လဲ ပယ်ချဖို့ ဝန်မလေးဘူး။ အဖြူနဲ့ အမည်းထက်ပိုတဲ့အရာတွေရှိတယ်ဆိုတာကိုလဲ မျက်ကွယ်ပြုတတ်ပြီး အာရုံမစိုက်တတ်ကြပါဘူး။

စာဖတ်တဲ့နေရာမှာ ကျွန်တော်တို့ လိုအပ်တဲ့အရာတွေကိုသာ လေ့လာမှတ်သားနိုင်စွမ်းရှိဖို့က အရေးကြီးသလိုပဲ ဖတ်လိုက်တဲ့အရာကို အချက်အလက်တွေအရ မှန်သလား မှားသလားဆိုတာသတိပြုမိဖို့က ကျွန်တော်တို့အတွက် အရေးကြီးနေတယ်။

ပြောရမယ်ဆိုရင် တစ်ခုခုကို ဖတ်လိုက်တဲ့အခါတိုင်းမှာ မှန်သလား မှားသလားဆိုတာကိုပဲ ဖြေထုတ်ဖို့ကြိုးစားနေတဲ့ သဘောထားမျိုးရှိတယ်ဆိုရင်တော့ – ခင်ဗျားက အဲ့ဒီစာကနေ ရနိုင်တဲ့အရာတွေကို ကန့်သတ်လိုက်တာပါ။ အဲ့ဒီကနေ အတွေ့အကြုံအများကြီးရနိုင်ပေမယ့် ခင်ဗျားအတွက် နှစ်ခုလောက်ပဲ ကျန်ခဲ့အောင် ကန့်သတ်လိုက်တာပါ။

စာအများကြီးဖတ်တဲ့သူတစ်ယောက်အတွက် တဖြည်းဖြည်း ကွဲပြားရှင်းလင်းလာတဲ့အရာကတော့ – ခင်ဗျားကြိုက်တဲ့စာအုပ်မျိုး၊ ခင်ဗျား ၁၀၀% သဘောတူတဲ့စာအုပ်မျိုး၊ သဘောကျလို့ မှတ်သားစရာတွေပြည့်နှက်နေတဲ့ စာအုပ်မျိုးတွေကိုပဲ ဖတ်နေမယ်ဆိုရင်တော့ မကြာခင်မှာ ခင်ဗျားအတွက် ရွေးချယ်စရာကျန်တော့မှာ မဟုတ်ဘူးဆိုတာပါပဲ။

စာဖတ်ခြင်းဟာ အသေးစိတ်အကြောင်းအရာတွေကို သတိမူဖို့ ဆိုတာထက်၊ အတွေးအမြင်တွေကို ပေါင်းစပ်ခြင်းသာဖြစ်ပါတယ်။

စာဖတ်ခြင်းရဲ့ အနှစ်သာရ

အဲ့ဒါဆိုရင် အဲ့ဒီအတွေးအမြင်ဆိုတာက ဘယ်မှာလဲ? အဲ့ဒါကို ရှာတွေ့ဖို့ ကျွန်တော်တို့သိထားသမျှအရာတွေ၊ မှန်လား မှားလားဆုံးဖြတ်ခြင်းတွေနဲ့ ရှာဖွေကြရမှာ မဟုတ်ဘူးလား?

အဲ့ဒီမေးခွန်းကို ဖြေဖို့အတွက် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဘာလို့ စာဖတ်သလဲ ဆိုတာကို ပိုင်းခြားဆန်းစစ်ဖို့ လိုပါမယ်။ အဲ့အတွက် အဖြေကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ဟာ နားလည်ဖို့အတွက် စာဖတ်ကြတာပါ။

ခင်ဗျားက ဒီနေ့ခေတ် ဟာသတစ်ပုဒ်ကိုဖတ်ချင်ဖတ်နေမယ် ဒါမှမဟုတ် ဂန္တဝင်စာပိုဒ်တစ်ပုဒ်ကို ဖတ်ချင်ဖတ်နေမယ်။ ဘယ်စာပဲဖြစ်ဖြစ် ခင်ဗျားဟာ ကွဲပြားတဲ့ အမှန်တရားကို မြင်အောင်ကြိုးစားနေတယ်၊ အဲ့ဒါမှ စာရေးတဲ့သူက ဘာကိုပြောချင်လဲဆိုတာ သိမှာဖြစ်တယ်။

ဒီလိုမျိုးမှာဆိုရင် ဘယ်အရာက အရေးပါတယ်၊ ဘယ်အရာက ကိုယ်နဲ့ဆိုင်တယ်ဆိုတာ စီစစ်သိမြင်ဖို့ပဲ လိုပါတယ်။

ဘယ်အရာက မှန်သလဲ ဘယ်အရာက မှားသလဲဆိုတဲ့ အမြင်နဲ့ပဲ စီစစ်ဆုံးဖြတ်ရင် ခင်ဗျားဟာ အင်္ဂါတစ်ခုလုံးကို အစိတ်အပိုင်းသေးသေးလေးတွေ ခြယ်လှယ်ဖို့ကြိုးစားနေရုံသာမက ဒီအကြောင်းအရာကနေ နားလည်သဘောပေါက်နိုင်မယ့်အရာတွေကို ကန့်သတ်နေတာဖြစ်တယ်။ ဘယ်ဟာမှားလဲဆိုတာကို သင်ပေးတဲ့ သင်ခန်းစာမရှိဘူးလို့ ဘယ်သူသိလဲ? ဒါမှမဟုတ် ပိုအရေးကြီးတာက၊ တစ်နေ့မှာ ပြန်လည်သုံးသပ်ကြည့်လို့ ခင်ဗျားသိထားတဲ့ မှန်တယ်မှားတယ်ဆိုတဲ့အရာက တစ်ဖက်စောင်းနင်းသက်သက်သာဖြစ်တယ်ဆိုတာ ဘယ်သူကသိမှာလဲ?

တစ်ချိန်က ကျွန်တော့်အတွက် အရေးကြီးတဲ့ စာအုပ်တစ်အုပ်အုပ်ကို ပြန်ဖတ်လိုက်တဲ့အချိန်တိုင်းမှာ အရင်တုန်းက မရရှိခဲ့တဲ့ သင်ခန်းစာအသစ်တွေ ကျွန်တော်အမြဲတမ်းရတယ်။ စာအုပ်တော်တော်များများမှာ အကြံဉာဏ်တစ်ခုထက်မက ပါဝင်တတ်တယ်။ ပြီးတော့ မတူညီတဲ့အကြောင်းအရာတွေကို မတူညီတဲ့နေရာတွေမှာ ဖော်ပြတတ်ကြပါတယ်။

သိပြီးသားလို့ထင်ထားတဲ့အကြောင်းအရာတွေ၊ ကျွန်တော့်အတွက် အဓိပ္ပါယ်မရှိတဲ့စာတွေ၊ မရင့်ကျက်စွာနဲ့ မှန်တယ်မှားတယ်ဆိုတာပဲ ကြည့်ပြီးဝေဖန်မိတဲ့အကြောင်းအရာတွေကို မာနကြီးစွာ နဲ့ မျက်ကွယ်ပြုမိလိုက်တဲ့အကြိမ်တွေ ပြန်ရေတွက်ကြည့်ရင် နမူနာအနေနဲ့ အများကြီးရှိပါတယ်။ အတွေးအမြင်သဘောထားအသစ်၊ ထက်မြက်တဲ့အမြင်တွေနဲ့ အဲ့ဒီနမူနာတွေကို ပြန်ကြည့်တယ်ဆိုတာကလဲ တချို့အကြောင်းအရာတွေမှာနက်နဲတဲ့ပညာရပ်တွေပါဝင်တယ် ဆိုတာသင်ယူဖို့ပါ။

ဒါကဘာလို့မှန်ရတာလဲ? ငါမယုံကြည်၊ တန်ဖိုးမထား၊ မမှန်ကန်ဘူးလို့ထင်တဲ့အရာတွေကို တခြားလူတစ်ယောက်ကို ဘာလို့မှန်တယ်လို့ ယုံကြည်နေရတာလဲ? ဆိုတဲ့ မေးခွန်းတွေက အမြဲတမ်း မေးသင့်တဲ့၊ ပိုကောင်းတဲ့မေးခွန်းတွေဖြစ်ပါတယ်။

စာဖတ်ခြင်းရဲ့အဓိကရည်ရွယ်ချက်က မှတ်သားဖို့သက်သက်မဟုတ်ပါဘူး၊ ဝေဖန်ရေးလုပ်ဖို့ဆိုတာ ပိုလို့တောင်မဟုတ်သေးပါဘူး။ စာဖတ်ရတဲ့ရည်ရွယ်ချက်က မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အကြောင်းအရာကို တံခါးဖွင့်ဝါဒီနဲ့ စီစစ်ပြီးလေ့လာသင်ယူဖို့ဖြစ်ပါတယ်။ အဲ့လိုမှလဲ ခင်ဗျားရဲ့ လက်ရှိ သိထားတဲ့အမှန်တရားကို ဖတ်ထားတဲ့စာတွေနဲ့ကိုက်အောင် တရားသေပုံစံခွက်ထဲ ထည့်ထားတာထက် ပိုကောင်းမွန်တဲ့ အမှန်တရားဖြစ်အောင် အသစ်ပြောင်းလဲလို့ရမှာပါ။

ဒီခံယူချက်ရဲ့ အလှတရားကတော့ စီစစ်ရေးလုပ်တဲ့နေရာမှာ တကူးတက အသိစိတ်နဲ့ကြိုးစားပြီး လုပ်စရာမလိုတာပါ။ တခြားသူရေးထားတဲ့စာနဲ့ သဘောမတူဖို့ ပြဿနာမရှိဘူး၊ အဓိပ္ပါယ်မရှိတဲ့အကြောင်းအရာတွေဆို ကျော်ကြည့်မယ်ဆိုတာကို ကိုယ်ကဆုံးဖြတ်ပေးရုံပါပဲ။ အဲ့ဒီကနေမှ စိတ်က သူ့အလိုလို ဘယ်အကြောင်းအရာက ကိုယ်နဲ့ဆိုင်တယ် မဆိုင်ဘူးဆိုတာကို စီစစ်ပေးသွားပါလိမ့်မယ်။

ထိုကဲ့သို့ လုပ်ဆောင်တာဟာ မှတ်သားခြင်းကနေ မစွမ်းဆောင်နိုင်တဲ့နည်းလမ်းနဲ့ ခင်ဗျားကို ပြောင်းလဲပေးလိမ့်မယ်။

အကြံဉာဏ်ပါဆယ်

စာဖတ်ခြင်းဟာ နှစ်ခြိုက်စရာကောင်းတဲ့ ဝါသနာတစ်ခုအနေနဲ့သာ မဟုတ်ဘူး။ မှန်ကန်တဲ့နည်းလမ်းနဲ့ ကောင်းမွန်စွာ ဖတ်ရှုမယ်ဆိုရင် စာဖတ်ခြင်းဟာ အရည်အသွေး စွမ်းအားတစ်ခု ဖြစ်တယ်။ စာဖတ်ခြင်းက ဘဝမှာ ဘယ်လိုနေထိုင်ရမယ်၊ ဘာလုပ်ရမလဲဆိုတာ ပြောပြရုံတင်မက၊ ဘယ်လို မြင်တတ်ရတယ်ဆိုတာပါ သင်ပေးပါတယ်။

အကောင်းဆုံးသော တွေးခေါ်သူနဲ့ ပုံပြောသူတွေရဲ့ စိတ်တွင်းကို ဖောက်ထွင်းရှုမြင်ခြင်းအားဖြင့် အရင်က မသိခဲ့တဲ့ အခြားတစ်ဘက်က အမှန်တရားလောကတွေကို ထိတွေ့ခွင့်ပေးတယ်။ စာအုပ်ကောင်းတစ်အုပ်ကနေ ကျွန်တော်တို့ အသစ်သောမျက်လုံးတစ်စုံရရှိမယ်။ ဆန္ဒရှိမယ်ဆို ထိုမျက်လုံးများနဲ့ ကျွန်တော်တို့ ပတ်၀န်းကျင်ကို ပြောင်းလဲဖို့ အသုံးပြုနိုင်ပါတယ်။

ပြောသလို စာအုပ်ကနေ ဒီလိုအကျိုးတရားတွေ ရဖို့အတွက်ကတော့ ကျွန်တော်တို့ဘက်ကလည်း လုပ်ရမယ့်အရာတွေရှိပါတယ်။ မှန်ကန်တဲ့ အတွေးအမြင်နဲ့လာပြီး ကိုယ်တိုင်လည်ပတ်ပြုပြင်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေဖိုတော့လိုပါတယ်။

ဒီလုပ်ငန်းစဥ်မှာက ကျွန်တော်တို့အများစု စာဘယ်လိုဖတ်ရမလဲဆိုတာ လေ့လာခဲ့ကြရတာနဲ့ပတ်သက်ပြီး မတူတဲ့အချက်က မှန်တယ်မှားတယ်ဆိုတဲ့ စည်းမျဥ်းနှစ်ခုတည်းသာ သတ်မှတ်ထားတာ မဟုတ်တာပါ။ အမြဲတမ်း ဒီလိုသဘောထားနဲ့သာ ချဥ်းကပ်မယ်ဆိုရင် ဘယ်လိုနားလည်သဘောပေါက်ရမလဲဆိုတဲ့ လှည့်ကွက်ကို ကျွန်တော်တို့ တွေ့ရှိသွားမှာပါ။

စာလုံးတိုင်း၊ ဝါကျတိုင်း၊ စာပိုဒ်တိုင်းက ခင်ဗျားကို သင်ပေးနိုင်တဲ့အလားအလာရှိတယ်။ ဒီလိုပြောတာက ခင်ဗျားဘာဖတ်ရမလဲဆိုတာ ရွေးချယ်စရာမလိုတော့ဘူး၊ ခင်ဗျားနဲ့မဆိုင်တဲ့စာတွေကို လက်မလွတ်ရဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဘာကိုပြောချင်တာလဲဆိုတော့ တစ်ခုခုက ခင်ဗျားကို ရွေ့အောင်လုပ်ဖို့ဆိုရင် ခင်ဗျားဘက် အရွေ့ခံနိုင်မယ့်အနေအထားမှာ အဆင်သင့်ရှိနေဖို့တော့လိုပါတယ်။

တံခါးဖွင့်ဝါဒီနဲ့သာ လာမယ်ဆိုရင်၊ ခင်ဗျားထဲမှာ တကယ်တမ်း တစ်ခုခုတော့ကျန်ကောင်းကျန်ခဲ့နိုင်ပါတယ်။ နားလည်မှုနဲ့ သဘောပေါက်မှုအတွက် စီစစ်ခဲ့မယ်ဆိုရင် ထိုအရာတွေကို ခင်ဗျားရှာတွေ့မှာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ စာရေးသားခြင်းရဲ့ အနှစ်သာရတွေကိုလဲ အမှန်တကယ် ဖမ်းယူသိရှိသွားမှာပါ။

George R.R. Martin က သူရဲ့ A Dance with Dragons ဆိုတဲ့စာအုပ်မှာ ပြောသလိုပဲ –

“စာဖတ်သူတစ်ယောက်က သူမသေခင်မှာ ဘဝပေါင်းထောင်ချီ နေထိုင်ခွင့်ရတယ်၊ စာတစ်ခါမှ မဖတ်တဲ့သူကတော့ တစ်ဘဝပဲ အသက်ရှင်ရတယ်”


Zat Rana ၏ မူရင်းဆောင်းပါး အား ဆီလျော်စွာ ဘာသာပြန်ဆိုသည်။


0 Comments

Leave a Reply

Your email address will not be published. Required fields are marked *